အုတ်တွင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် စျေးရောင်း၊ စျေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်စေရန် စျေးရောင်း၊ စျေးဝယ်ပြည်သူ များအား အပူချိန်တိုင်းတာခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးများက စျေးရောင်း၊ စျေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စျေးအတွင်းသို့ ဝင်ရောက်ပါက နှာခေါင်းစည်း(Mask)ကို တပ်ဆင်စေခြင်း၊ လက်ကိုမကြာခဏ ဆေးကြောသင့်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချကြရန်၊ စျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေး အတွက် စျေးရောင်း၊ စျေးဝယ်ပြည်သူများ ပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးပြောကြားခဲ့သည်။
မြို့မစျေးကြီးအတွင်း ကုန်စိမ်းသည်နှင့် အခြေခံစားသောက်ကုန်များ၊ အသား၊ ငါးများနှင့် ဆေးဆိုင်များ သာ ရောင်းချခွင့်ပြုရေးနှင့် အထည်ဆိုင်များ၊ ဖိနပ်ဆိုင်များ၊ အရုပ်ဆိုင်များအား ခေတ္တယာယီ ပိတ်ထားရန် မှာကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက် လျက်ရှိရာ စည်းကမ်းချက်များ လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ