သာယာဝတီ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီထိ ပိုးတွေ့လူနာသစ် (၁၀၀) ဦးတွေ့ရှိပြီးတစ်ဦးထပ်မံသေဆုံးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၁၆၁၆) ဦးရှိပြီး သေဆုံးသူ (၂၀) ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ သေဆုံးသူမှာ လုလင်ကျော်ကျေးရွာအုပ်စု၊ မြို့မကျေးရွာနေအသူ(၇၃)နှစ်အရွယ် အမျိုးသားသည် ဇီးဖြူကုန်းတိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသရာ swab စစ်ဆေးချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှုခံ ယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း GTI ကိုဗစ် -၁၉ ကုသရေးစင်တာတွင်၊ ပြည်သူ့ဆေးရုံ Isolation Ward ၊အ.ထ. ကခမုံဆိပ်၊ အ.ထ.က ဇီးဖြူကုန်း၊ အ.ထ.ကသာရဝေါ၊ အ.ထ.က မကျီးကွင်း၊ အ.ထ.ကဖိုးခေါင်စု၊ အ.ထ.က( ၂)၊ အ.လ.က ကျွန်းကလေး တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ /မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့တွင် ဇွန်လ ၇ ရက်နေ့မှစ၍ သေဆုံးသူ (၂၀) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၇၁၀) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဝင့်နန္ဒာဌေး