မြိတ် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီးတွင် ကမ္ဘာကြီးအေးမြချမ်းသာစေရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီး နှင့် ခေမရဌမာရိတ်စေတီတော် တည်ထားပူဇော်ရန် ကမ္ဘာလုံးကျောင်းတိုက်ဆရာတော် ဦးဆောင်၍ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
နှီးဘုရားကြီးနှင့် ခေမရဌ မာရိတ်စေတီတော် တည်ထားပူဇော်မည့် တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရား ကြီးကို စန္ဒဝတ်ကျေးရွာ မြိတ်-ကျွဲကူး ကားလမ်းမ ဝဲဘက် ရွှေနန်းတောင်ကုန်းတော်ပေါ်၌ (၂၀၁၆) ခုနှစ်တွင် စတင်၍ သာသနာ့တက္ကသီလဓမ္မစရိယ ဘဒ္ဒန္တ ခေမာစာရ ကမ္ဘာလုံးကျောင်းတိုက် သာသနာပြု ဆရာတော် ဦးဆောင်၍ စေတနာရှင် အလှူရှင်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
“တစ်ကမ္ဘာလုံး အေးမြချမ်းသာပါစေလို့ ရည်ရွယ်ချက်နဲ့ ဘုရားကြီးကို တည်ထားကိုးကွယ်တာဖြစ်ပါ တယ်။ နှီးဘုရားကြီးပူဇော်မယ့် ဂန္ဓကုဋိ ခေမရဌမာရိတ်စေတီတော်က (၁၀၈)ပေမြင့်ပြီး အရန်စေတီ (၁၀၈)ဆူ တည်ထား ကိုးကွယ်ထားပါတယ်။ နှီးဘုရားစေတီကြီး အောက်ဘက်ပိုင်းကို ပုဂံခေတ်ဟန်နဲ့ အပေါ်ပိုင်းကို ပျူခေတ်ဟန် ခေတ်နှစ်ခေတ်ပူးပေါင်းပြီးတော့ တည်ထားကိုးကွယ်တာဖြစ်ပါတယ် ” ဟု သာသနာ့တက္ကသီလ ဓမ္မစရိယ ဘဒ္ဒန္တ ခေမာစာရ ကမ္ဘာလုံးကျောင်းတိုက် သာသနာပြုဆရာတော်က မိန့်ကြားသည်။
တစ်ကမ္ဘာလုံးအေးမြချမ်းသာဘုရားကြီးဝတ္တကမြေတွင် တည်ထားပြီးစီးသည့် ဉာဏ်တော်(၁၈)ပေ ကမ္ဘာ လုံးစေတီတော်၊ ဉာဏ်တော်(၂၇)ပေ ရပ်တော်မူဘုရား၊ ရန်အောင်မြင် အောင်သိဒ္ဓိကပ်ကျော် ဘုရားစေတီတို့ကို ဖူးတွေ့ပူဇော်ရပြီး သာသနိကအဆောက်အဦအဖြစ် ကမ္ဘာလုံးကျောင်းတိုက်၊ ကမ္ဘာလုံး သမုတ်သိမ်တော်၊ ဓမ္မာရုံ ၊ ဆွမ်းစားကျောင်းဆောင်တို့ကို တွေ့မြင်ရပါသည်။
ထို့အတူ နှီးဘုရားကြီး ထားရှိပူဇော်မည့် (၁၀၈)ပေအမြင့်ရှိ ခေမရဌ မာရိတ်စေတီတော်နှင့် (၉)ပေ အမြင့်ရှိ အရန်စေတီ(၁၀၈)ဆူ၊ (၃၆)ပေအမြင့်ရှိ နဂါးကိုးကောင် နဂါးရုံဘုရား၊ အရဟံသိဒ္ဓိစေတီတော် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေသည်ကို ဖူးမြင်ရပြီး သာသနိကအဆောက်အဦအဖြစ် (၂၄)ပေအကျယ် တစ်ပါးနေ ကမ္ဘာလုံး ကျောင်းဆောင် (၂၄) ဆောင်၊ အကျယ်(၂၀၀)ပေ၊ အမြင့်(၁၀၀) ပေရှိ ကမ္ဘာ့ဧကရာဇာ ဓမ္မဗိမာန်တော်ကြီး တည်ဆောက်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။
“နှီးဘုရားကြီးကတော့ ဉာဏ်တော်အမြင့်(၃၂)ပေ ၊ နှီးဘုရားယက်လုပ်တဲ့နေရာကတော့ အောင်ပန်းမြို့ မှာ ယက်လုပ်နေပါတယ်။ နှီးဘုရားကြီးရဲ့မုဒြာက ပြည်တော်ဝင်ဟန် ခြေဆွဲထိုင်မုဒြာဖြစ်ပါတယ်။ နှီးဘုရားကြီးကို (၂၀၁၇)ခုနှစ်မှာ စတင်ယက်လုပ်ခဲ့ပြီး (၂၀၂၁)ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြီးမယ်လို့ ခန့်မှန်းရပါတယ်။ နှီးဘုရားကြီးက မြန်မာမှုလက်ရာဖြစ်တယ်။ မြန်မာမှုတွေကိုလည်း သိစေချင်တဲ့ သဘောနဲ့ တည်ထားကိုးကွယ်တာပါ။ ပြီးတော့ မြိတ်မှာလည်း နှီးဘုရားမရှိတဲ့အတွက်ကြောင့် တည်ထားကိုးကွယ်တာပါ”ဟု ကမ္ဘာလုံးကျောင်းတိုက် သာသနာပြု ဆရာတော်က ထပ်မံမိန့်ကြားသည်။
တစ်ကမ္ဘာလုံးအေးမြချမ်းသာဘုရားကြီးတွင် သာသနာပြုလုပ်ငန်းများအဖြစ် (၂၀၁၆)ခုနှစ်၌ ရပ်တော်မူ ဘုရား၊ ကမ္ဘာလုံးသမုတ်သိမ်တော်၊ ပေ(၇၀)ရေကန်၊ သာသနာ့အလံတော်ကြီး(၆)တိုင်နှင့် အလံငယ် (၁၀၈)တိုင် စိုက်ထူတည်ဆောက်ပြီးစီးခဲ့ကြောင်း၊ (၂၀၁၇)ခုနှစ်၌ ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီး စတင်ယက်လုပ်ခြင်း၊ နှီးဘုရား ဂန္ဓကုဋိ စေတီတော်တည်ဆောက်ခြင်း၊ ဓမ္မာရုံအငယ်တည်ဆောက်ခြင်း၊ ရပ်တော်မူဘုရားမြေထိန်းနံရံ၊ ရေပန်း၊ နဂါးနှစ်ကောင် ရေတံခွန်၊ ရန်အောင်မြင် အောင်သိဒ္ဓိ ကပ်ကျော် ဘုရားစေတီ၊ ကမ္ဘာလုံးစေတီ အာရုံခံကျောင်းဆောင်နှင့် ရင်ပြင်လက်ရန်းများ တည်ဆောက်ပြီးစီး ခဲ့ကြောင်း ကမ္ဘာလုံးကျောင်းတိုက် သာသနာပြု ဆရာတော် ထံမှ သိရသည်။
ထို့အတူ (၂၀၁၈)ခုနှစ်၌ နဂါးထမ်းမောင်းကြီးနှစ်လုံး ၊ ကမ္ဘာလုံးတစ်ပါးနေကျောင်းဆောင်များ၊ ကမ္ဘာလုံး စေတီတော် ရင်ပြင်တော်ခင်းခြင်း၊ ဆွမ်းစားကျောင်းဆောင်၊ စေတီတော်အဝင် (၂၅)ပေအကျယ် ပေ(၁၀၀၀)ကျော် ကွန်ကရစ်လမ်း၊ သစ်သီးဥယျာဉ်တည်ဆောက်ခြင်း၊ (၂၀၁၉)ခုနှစ်၌ ကမ္ဘာ့ဧကရာဇာ ဓမ္မဗိမာန်တော်စတင်တည်ဆောက်ခြင်း၊ အရံစေတီတော် (၁၀၈)ဆူ စတင်တည်ဆောက်ခြင်း၊ နှီးဘုရားမြေထိန်းကျောက်တန်းနံရံများ တည်ဆောက်ခြင်းနှင့် (၂၀၂၀)ခုနှစ်၌ ဂန္ဓကုဋီစေတီတော်အကြမ်းထည် အပြီးတည်ဆောက်ခြင်း၊ အရံစေတီတော်(၁၀၈) ဆူ အကြမ်းထည်တည်ဆောက်ခြင်း၊ အရဟံသိဒ္ဓိ စေတီတော် တည်ဆောက်ခြင်း စသည့် သာသနာပြုလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးနှီးဘုရားကြီးနှင့် ခေမရဌမာရိတ်စေတီတော် တည်ထားပူဇော်ရန် ကမ္ဘာလုံး ကျောင်းတိုက် ဆရာတော် ဦးဆောင်၍ စေတနာရှင် အလှူရှင်များနှင့် ဒါယကာ၊ ဒါယိကာများဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီးသို့ သဒ္ဒါတရားပွားများ ကုသိုလ်ပြု ပါဝင် လှူဒါန်းနိုင်ကြစေရန်နှင့် လာရောက် ဖူးမျှော်ကြည်ညို နိုင်ကြစေရန် ရေးသားဖိတ်ခေါ်လိုက်ပါသည်။
ခိုင်ထူး