ဟားခါး ဇူလိုင် ၁၅
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာ (၆၇၆.၄၅)ဧကအတွင်း မဲနှိုက်စနစ်ဖြင့် ပထမအကြိမ် မြေကွက်ရရှိသူ ပြည်သူ(၂၄၆)ဦးအား မြေပေးမိန့်နှင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မြေကွက်ရရှိသည့် ပြည်သူများအနေဖြင့် ရရှိသည့်မြေကွက်၌ နေအိမ်ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရန်ခြင်း စသည့် လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ရန်လိုကြောင်း၊ ဟားခါးမြို့၌နေထိုင်ပြီး အိမ်မြေကွက် အမှန်တကယ်ပိုင်ဆိုင်မှု မရှိသေးသူများ အနေဖြင့်လည်း မြေကွက်လျှောက်ထားလို့ ရရှိသေးကြောင်းကို ယနေ့ အခမ်းအနား တက်ရောက် လာကြသူများက ပြည်သူများထံသို့ တစ်ဆင့် ပြောပေးစေလိုကြောင်းနှင့် ကိုဗစ်−၁၉ရောဂါကို ချင်းပြည်နယ်အတွင်း ကူးစက်ပျံ့နှံ နေပြီဖြစ်သဖြင့် ရောဂါသံသရရှိပါက မိမိနေအိမ်တွင် ဆေးမြီးတိုနည်းဖြင့် ကုသမှုမပြုလုပ်ဘဲ ပြည်သူ့ဆေးရုံသို့ စစ်ဆေးကုသမှုခံယူရန်လိုကြောင်း၊ ရောဂါရှိ မရှိကိုလည်း အခမဲ့စစ်ဆေးပေး လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်း မြေကွက်စိစစ် နေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ကော်မတီဝင်(၃) ဦးကျော်ငြိမ်းက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဟားခါးခရိုင်အုပ်ချုပ်ရေးမှူးတို့က မြေပေးမိန့်နှင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆)များကို မြေကွက်ရရှိသူများထံသို့ ပေးအပ်ပြီး မြေကွက်ရရှိသူများ ကိုယ်စား ပုဂ္ဂိုလ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ(၄)ရပ်မှ ကော်မတီဝင်များ နှင့် မြေကွက်ရရှိသူ ပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)