ရေကြည် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ် ကျန်းမာရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုကာကွယ်ထိန်းချုပ် နိုင်ရန် လိုက်ပါဆောင်ရွက်ကြမည့် လူမှုရေးအသင်းအဖွဲ့များအား စနစ်တကျဆောင်ရွက်နိုင်စေရန် PPE ဝတ်စုံ ဝတ်နည်း ချွတ်နည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်ကလေ့ကျင့်သင်ကြားပေးခဲ့သည်။
အဆိုပါလေ့ကျင့်ပညာပေးသင်တန်းတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသန်းဝင်းကကိုဗစ်-၁၉ရောဂါနှင့် ပက်သက်၍ ဆောင်ရန် ရှောင်ရန် နည်းလမ်းများအကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်ထုတ်ပြန် ထားသည့် ညွှန်ကြားချက်နှင့် စည်းကမ်းသတ်မှတ်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်နှင့် အသိသတိအမြဲထားရှိစေရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့မှကိုဗစ်-၁၉ရောဂါနှင့် ပက်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ PPEဝတ်စုံ ဝတ်နည်း၊ ချွတ်နည်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းတစ်ဦးမှPPEဝတ်စုံ ဝတ်ရာတွင်လည်းကောင်း ချွတ်ရာတွင် လည်းကောင်း အထူးသတိပြုရမည့်အချက်များ အား သရုပ်ပြသခဲ့သည်။
အဆိုပါသင်တန်းသို့မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့်ပရဟိတ လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်သူဟန်