တောင်တွင်းကြီး၊ ဇူလိုင် ၁၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၈၅သန်းဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရန်ပယ်ပြည်သူ့အားကစားကွင်း အတွင်း၌ နိုင်ငံတော်မှ အားထားရသည့် အနာဂတ်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၁၂၀×၉၀×၂၆)ပေ Steel Structure မိုးလုံလေလုံအားကစားခန်းမကြီးကို မေလ(၁၅)ရက်နေ့ကစတင်၍ မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိကြောင်းသိရသည်။
အဆိုပါ မိုးလုံလေလုံအားကစားခန်းမကြီး တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အမြန်ဆုံး တည်ဆောက် ပြီးစီးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ကွင်းအင်ဂျင်နီယာဦးခင်မောင်စိုးမှ အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး ယခုအခါတည်ဆောက်ရေးလုပ်ငန်းများ ၂၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ယခုတည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားခန်းမကြီး တည်ဆောက်ပြီးစီးသွားပါက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများ လူငယ် မောင်မယ်များအချိန်အခါ၊ ရာသီမရွေး ကျန်းမာရေးလေးကျင့်ခန်းများနှင့် မိမိတို့ဝါသနာပါသည့် အားကစားကဏ္ဍများကို စိတ်ချမ်းမြေ့စွာ ဆော့ကစားနိုင်တော့မည်ဖြစ်၍ နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက်မြက်သည့်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာမည် ဖြစ်ကြောင်းသိရသည်။
နိုင်ဝင်း