ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေ ရန် တနင်္သာရီတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနက ပဲဆီသန့်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ထားဝယ် ဇူလိုင် ၁၅
 
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပြည်သူ များ စားသုံးဆီအခက်အခဲမရှိစေ ရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီကို စျေးနှုန်းချိုစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်စေရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက မြေပဲဆီ သန့်သန့်များကို ဇူလိုင်လဆန်း က စတင်၍ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်ထံက သိရသည်။
 
“တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာ စာသုံးဆီနဲ့ပတ်သက်လို့ အများဆုံးက ပြည်ပတင်ပို့တဲ့ ပဲလွန်းဆီကိုပဲ သုံးကြတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပဲလွန်းဆီ ဝင်ရောက်မှု နည်းပြီး စျေးနှုန်းမြင့်မားလာမှုတို့ကြောင့် ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေဖို့၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး စျေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက ဝယ်ယူဖြန့်ဖြူးရောင်းချပေးတာ ဖြစ်ပါတယ်။ မြေပဲဆီစစ်စစ်ကို စျေးနှုန်းမှန်မှန်ကန်ကန်နဲ့ ရောင်းချနိုင်ဖို့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း မြို့နယ်တွေက သမဝါယမအသင်း လီမီတက်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်ယူရောင်းချပေးနေခြင်းဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ပြည်သူတွေ ဆီစားသုံးရာမှာ ကျန်းမာရေးနဲ့လည်း ညီညွတ်မှုရှိရမယ်၊ စျေးနှုန်းလည်းမှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် ဖြစ်စေရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ" ဟု တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောပြပါတယ်။
 
တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ပြည်သူများ၏ စားဝတ် နေရေး အထောက်အကူပြုစေရန် မြေပဲဆီသန့်သန့်များကို ဖြန့်ဖြူးရောင်းချ လျက်ရှိသကဲ့သို့ အာလူး၊ ပဲအမျိုးမျိုးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် စားဖိုဆောင် သီးနှံများကိုလည်း စျေးနှုန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း၊ ဒေသတွင်း ပြည်သူများ၏ ဝယ်လိုအား အခြေအနေကို ကြည့်၍ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
မြင့်နိုင်စိုး