တနင်္သာရီ ဩဂုတ် ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) ၏ ခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ (၄) ရွာအတွက် မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်း ကျေးရွာ (၄) ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ကိုဗစ် − ၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ယနေ့လွှဲပြောင်းပေးမည့် ရန်ပုံငွေများဖြင့် မိမိကျေးရွာ ဒေသ ဖွံ့ဖြိုးတိုးရေးအတွက် အကျိုးရှိရှိ စီမံဆောင်ရွက်ကြပါရန် လမ်းညွှန်အဖွင့်အမှာစကား ပြောကြား ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးရယ်လွင်က ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းရည်ရွယ်ချက်၊ စီမံကိန်းကျေးရွာရွေးချယ်မှု စံနှုန်းများ၊ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းကျေးရွာများဖြစ်သည့် အရှေ့မော်တုန်းကျေးရွာ အုပ်စု-အနောက်စုကျေးရွာ အား သိန်း (၃၀၀) ကျပ်၊ သကျက်ကျေးရွာအုပ်စု-(၆)မိုင်ကျေးရွာအား သိန်း(၃၀၀)ကျပ်၊ ကျောက်တလုံးကျေးရွာ အုပ်စု-မြေမအုံကျေးရွာအား သိန်း(၂၀၀)ကျပ်နှင့် ဆင်ခြေဖုန်းကျေးရွာ အုပ်စု-စတိန် သောင်ကျေးရွာအားသိန်း(၁၀၀)ကျပ်တို့ကို ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ များထံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် တာဝန်ရှိသူများက သတ်မှတ်နှုန်းထားများအတိုင်း စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ကြပြီး၊ ၎င်းသက်ဆိုင်ရာ ကျေးရွာမှတာဝန်ရှိသူများနှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး ပြီး၊ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြသည်။
ကျေးရွာ(၄)ရွာသို့ ယနေ့လွှဲပြောင်းပေးအပ်သည့် မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေကို ၎င်းကျေးရွာများ၏ ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီမှ ကိုယ်တိုင်ဦးဆောင်ဦးရွက်စီမံမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီများထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)