ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်

ရွာသစ် ဇူလိုင် ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား လစဉ် ပုံမှန် ကာကွယ်ဆေး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ကျန်းမာရေးဦးစီးဌာနရုံးနှင့် ကျေးရွာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခတ္တာမြင့် ဦးဆောင်၍ သားဖွားဆရာမ ဒေါ်နန်းနွဲ့နွဲ့အောင်နှင့် သားဖွားဆရာမ ဒေါ်အေးအေးသန့် တို့က မြို့ပေါ်ရပ်ကွက်ရှိ နှစ်နှစ်အောက်ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ ဦးနှောက် အမှေးရောင်ရောဂါ (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော (ရိုကာဗိုင်းရပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီဗွီစီ) ထိုးနှံ ပေးခြင်း၊ ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းတို့ကို ကျေးရွာများရှိ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွာသစ်(ပြန်/ဆက်)