တောင်တွင်းကြီး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှု၀န်ထမ်းဦးစီးဌာန မြို့မ မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကလျာက ပြစ်မှုကျူးလွန်သော ကလေးငယ်များနှင့် ပြစ်မှုကျူးလွန်ခံရ သော ကလေးငယ်များအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးနေမှုများ၊ သက်ငယ်မုဒိမ်းကျူးလွန်ခံရသော ကလေးငယ်များအား ထောက်ပံ့စရိတ်ပေးအပ်မှု အခြေအနေများ၊ ဆေးဝါး ထောက်ပံ့ပေးမှုများ၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု၊ နှစ်သိမ့်ဆွေးနွေးမှုနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်ခဲ့မှုများ၊ ကိုဗစ်-၁၉ ကာလ ကိုယ်၀န် ဆောင်မိခင်များအား ငွေဗိုက် အပလီကေးရှင်းမှတဆင့် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ် ပေးအပ်မည့် အစီအစဉ်များ အား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ကလေးသူငယ်နှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်မှုများကို ကိုင်တွယ် ဖြေရှင်းရမှု အခြေအနေများ၊ လေလွင့်ကလေးငယ်များအား စည်းမျဉ်းစည်းကမ်းနှင့်အညီ ကိုယ်တွယ်ဖြေရှင်းရမည့် အခြေအနေများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီ၀င်များက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၀င်များဖြစ်ကြသည့် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်အား/ကာဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာ၀န်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)