မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စည်သာသစ်တောကြိုးဝိုင်း သဘာဝတောထိန်း ဧက (၂၀၀၀) စိုက်ခင်းများအား အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြို့သစ် သြဂုတ်  ၁၂

မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ စည်သာ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၆)၊ (၂၇)၊ (၂၈)၊ (၃၆)၊ (၃၇)ရှိ သဘာဝတောထိန်းဧက(၂၀၀၀) တွင် စိုက်ပျိုးထားရှိသော  သစ်မျိုးစုံစိုက်ခင်းအား  ယမန်နေ့ နေ့လည်ပိုင်းက သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၊   ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့်အဖွဲ့အား  မြို့သစ်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ကျော်စိုးက စည်သာသစ်တော  ကြိုးဝိုင်းရှိ သဘာဝတောထိန်းဧက (၂၀၀၀)သစ်မျိုးစုံစိုက်ခင်းမှ အပင်ရေ(၃၂၀၀)နှင့် အခြား စိုက်ကွင်းရှိ သဘာဝတောထိန်းအပင်ရေ (၄၀၀၀)စိုက်ပျိုးထားရှိသည့်  သစ်မျိုးစုံအပင်များ  ရှင်သန်ဖြစ်ထွန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ စိုက်ခင်းအတွင်းစိုက်ပျိုးထားသည့်  Hybird  Acacia  ၊  မာ တာကွတ် ၊ ပျဉ်းကတိုး ၊ လျှော်ဖြူ ၊ မျှင်ဝါး ၊ ရှား ၊ စစ် ၊ ရင်းမာ ၊  တမာ ၊ ထောက်ကြံ့နှင့် ကျွန်းပင်များ  စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ၊ ခရိုင် ၊  မြို့နယ်များမှ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ  သစ်မျိုးစုံစိုက်ခင်းသို့  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ စီမံညွှန်ကြားရေးမှူး ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီး   အပူပိုင်းဒေသ စိမ်းလန်းစို ပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်း၊လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝင်းအေးနှင့် ခရိုင်/မြို့နယ်များမှ ဦးစီးအရာရှိများက မြို့သစ်မြို့နယ် စည်သာ ကြိုးဝိုင်း သဘာဝတောထိန်းဧက ၂၀၀၀စိုက်ခင်းနှင့် အခြားသစ်မျိုးစုံ စိုက်ခင်းများသို့ လှည့်လည်ကြည့် ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)