ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အန္တရာယ်မဖြစ်စေရေးအတွက် လူနေအိမ်(၆)လုံး ဘေးလွတ်ရာ သို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်ပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရကာ နှစ်စဉ် မြစ်ရေတက်ချိန်များတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်များ ကြုံတွေ့နေရလေ့ရှိကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်း က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းနံဘေးတွင် နေထိုင်လျက် ရှိသော ( ၄ ပင် × ၃ ပင် ) ထရံကာ ၊ သွမ်းမိုး ခြေတံရှည်အိမ် (၂)လုံး ၊ သုံးပင်ပတ်လည် ထရံကာ ၊ သွပ်မိုး ခြေတံရှည်အိမ် (၂)လုံး ၊ လေးပင်ပတ်လည် ထရံကာ ၊ သွပ်မိုး ခြေတံရှည်အိမ် (၂)လုံး ၊ စုစုပေါင်း လူနေအိမ်(၆)လုံး အား အန္တရာယ် မဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများက စုပေါင်းပြီး ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )