တောင်ငူ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စစ်ဆေးရေး ဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာ၌ မြို့ဝင် မြို့ထွက်နေရာများ၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေး စစ်ဆေးရေးဂိတ် များသို့ သွားရောက်စစ်ဆေးကြည့်ရှုကာ ဂိတ်များအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များတွင် ပါဝင်သည့် ဌာနဆိုင်ရာ များ၊ ကြက်ခြေနီ တပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တောင်ငူ မြို့နယ်အတွင်းသို့ Stay at Home ဒေသများမှ ဝင်ရောက်လာသည့် မော်တော် ယာဉ်များ၊ စီးနင်းလိုက်ပါကြသည့် ခရီးသည်များအား အထူးကြပ်မတ် စိစစ်စေ လိုကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အထူး ဂရုပြု စစ်ဆေးဆောင်ရွက်စေလိုကြောင်း၊ စစ်ဆေးရေးဂိတ်များ၌ တာဝန် ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းများ နေရေးထိုင်ရေးကိစ္စများနှင့် ကျန်းမာရေးဆိုင်ရာများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။