လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လိပ်သို ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မြို့ အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် လိပ်သိုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစောမြတ်ကျော် က ကိုဗစ်-၁၉ ရောဂါ မြို့ရွာအတွင်း ကူးစက် ပြန့်ပွားမှုများ ထိန်းချုပ်ဟန့်တားနိုင်မှု အခြေအနေနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ မြို့ရွာအတွင်း ဖြတ်သန်းသွားလာသည့်ယာဉ်များ၊ ရပ်ဝေးမှ ပြန်လာသည့်သူများအား စစ်ဆေးကြပ်မတ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး လိပ်သိုမြို့ တိုက်နယ်ဆရာ၀န်ဒေါက်တာဇေယျာဦး က ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ ကာကွယ်ကုသမှုများနှင့် အရေးယူဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ ၊ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ က ဆွေးနွေးချက်များအပေါ် အားလုံးပူးပေါင်းပါ၀င် ဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင်