ဝေါ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ဝေါမြို့နယ် အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဝေါမြို့ဝင်ဂိတ်ဖွင့် လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာ နေသော မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိ၊ မရှိမေးမြန်းခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ဝေါမြို့နယ်အတွင်း ဝင်ရောက်လာသူများအား လာရောက်သည့်ဒေသမှ ကျန်းမာရေးထောက်ခံချက်များပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်းလုပ်ငန်းတို့ကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်သို့ Stay at Home သတ်မှတ်ထားသည့်အတွက် အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်လာ သူများအား အသွားအလာကန့်သတ်နေထိုင်နိုင်စေရန် ကန့်သတ်စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စီစဉ်ထားကြောင်း၊ သံသယလူနာများတွေ့ရှိပါက သက်ဆိုင်ရာကုသရေးစင်တာများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ ထုတ်ပြန် ထားသော စည်းကမ်းများအား လိုက်နာရန် လိုအပ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးဝင်းမော်ထံမှ သိရသည်။
အောင်မြတ်လင်း