မြဝတီ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ နေအိမ်တွင် နေထိုင်ရေး( Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော မြို့အဖြစ် သတ်မှတ်ခဲ့သည့်အတွက် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊မြို့နေပြည်သူများအနေဖြင့် လိုက်နာရမည့်စည်းကမ်း ချက်များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားရာ မြဝတီခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်းကကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန် ရေးကော်မတီအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးကြရာ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်မတီသို့ ဦးအောင် ကျော်သန်း၊ မိသန်းငွေ မိသားစုနှင့် ဦးဖြိုးဇော်မောင်၊ ဒေါ်ငုရွှေဝါ မိသားစုတို့မှ အလှူငွေများ လှူဒါန်းရာ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌက လက်ခံခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်