မုံရွာ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါထိန်းချုပ်ကာကွယ် နိုင်ရေးနှင့် ရောဂါကူးစက်မှုများ ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရိုင်အဆင့် (COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မုံရွာခရိုင်အဆင့် (COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ က မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များဖွင့်လှစ်မှု အခြေအနေ၊ COVID-19 ရောဂါ ပိုးတွေ့လူနာများအား ဆေးကုသမှုအခြေအနေ၊ Quarantine Center များဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေ၊ မုံရွာမြို့ပေါ်ရှိ စျေးပေါင်း(၁၃)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချမှု အခြေအနေများနှင့် မုံရွာမြို့မှအခြေပြုပြီး အခြားမြို့များသို့ ခရီးသွားလာခြင်းများကို Stay at Home သတ်မှတ်ထားသည့်ကာလအထိ အားလုံးပူးပေါင်းလိုက်နာ ဆောင်ရွက်ကြ စေရေး စသည့်လုပ်ငန်းကဏ္ဍတစ်ခုချင်း စီနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်များ အား ရှင်းလင်း ဆွေးနွေးတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးက လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ အများပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှု၊ ဖူဆယ်အားကစားရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ ထားရှိရန် ပြင်ဆင်ဆောင်ရွက်ပေးမှုအခြေအနေနှင့် မိုးလုံလေလုံအားကစားခန်းမတွင် Quarantine Center ထားရှိပေးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မုံရွာမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာ(၃၈၉)ဦးတွင် ဆေးရုံဆင်းခွင့်ရရှိသူ ၉၁ ဦး၊ ကုသဆဲလူနာ (၂၅၈) ဦးနှင့်သေဆုံးလူနာ(၄၀)ဦးရှိပြီကြောင်းသိရပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)