အုတ်တွင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့တွင်းရှိ လမ်းဆုံ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အတွက် လူတိုင်း အပြင်ထွက်ခွာတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား(Mask)တစ်ခုကို ငွေကျပ် ၅၀၀ နှင့် ဝယ်ယူစေခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်။
အုတ်တွင်းမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ အနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း(Mask) တပ်ဆင်သွားကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောသင့်ကြောင်း၊ လူစုလူဝေး ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ