ပုသိမ် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင် ကာကွယ်ရေး အတွက် ပြည်သူများ မိမိနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ် / နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်ခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းကို ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊အဖွဲ့ဝင်ဗိုလ်မှူး မင်းမင်းနှင့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပုသိမ်မြို့အဝင်ရုပ်ထု အဝိုင်းလမ်းဆုံတွင် သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ပါးစပ်/ နှာခေါင်းစည်း(Mask)(၁၀၀၀)ခုနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများကိုအသံချဲ့စက်ဖြင့် ကြေညာခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကိုဗစ်- ၁၉ လူနာများထားရှိရန်အတွက် ပုသိမ်တက္ကသိုလ်ဝန်း အတွင်းရှိ နန္ဒဆောင်တွင် လူနာများစနှစ်တကျ ထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကိုစစ်ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်တာဝန်ရှိ သူများအား မှာကြားခဲ့ပါသည်။ ဆထို့နောက် ပုသိမ်မြို့ သာသနာ့ ဗိမာန်တော်ကြီးအတွင်း ကိုဗစ်ပိုးရှိသူများ ထားရှိရာနေရာသို့သွား ရောက်ကြည့်ရှုကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ပုသိမ်မြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပုသိမ်၊ မြောင်းမြ၊ သာပေါင်း မြို့နယ်များအား Stay at Home သတ်မှတ်ခဲ့ပါသည် ။ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ရပ်ကွက်/ကျေးရွာ ပြည်သူများ နေအိမ်မှထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင် သွားလာရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းချက်များကို တိကျစွာလိုက်နာစေရေးတို့ကို အရှိန်အဟုန်မြှင့် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်ဟန်