ထားဝယ် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်တကွ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ နတ်ကြီးလေးပါးရေကန်အတွင်းရေပြင် အသက်ကယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ရေကန်အတွင်း သတင်းရရှိသည် နှင့်တပြိုက်နက် ယာဉ်အုပ်စုများဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ထွက်ခွာပြီး လေပြင်းတိုက်ခတ် ဒီရေလှိုင်းများကြောင့် ရေထဲမျှောပါနေသူများအား ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် လိုက်လံရှာဖွေကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကရေထဲကြိုးရှည်စီတန်းချိတ်ဆက်၍ အသက်ကယ်ကွင်းများဖြင့်ရေထဲတွင် မျှောပါနေသူအား ဆယ်ယူခြင်း၊ ဆယ်ယူရရှိ သူများအား ရှေးဦးပြုစုခြင်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်
ရေပြင်ရှာဖွေ ကယ်ဆယ်ဆောင်ရွက်နေစဉ်တစ်ပြိုင်နက် ရေပြင်နှင့်နီးသော ထားဝယ်-ကမြောကင် တံတား အောက်တွင် ရွက်ဖျင်တဲထိုး၍ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခြင်း၊ ရေထဲဆယ်ယူရရှိသူများအား လူနာတင်ယာဉ်များ ဖြင့်ကယ်ဆယ်ရေး စခန်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကယ်ဆယ်ရေးစခန်းရောက်ရှိလာသူများအား ရှေးဦးသူနာပြု တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူးဦးသိန်းဇော်ဝင်းဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ရှေးဦးသူနာပြုမီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး မော်တော်ယာဉ်(၁)စီး ရေယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် စုပေါင်းဇာတ်တိုက် လေ့ကျင့် ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်