ဟင်္သာတမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အလှူရှင်များက လာရောက် လှူဒါန်း

ဟင်္သာတ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဆေးကုသမှုခံယူနေသော ပိုးတွေ့အတည်ပြု လူနာများအတွက် ယနေ့ နေ့လည်ပိုင်းက အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဟင်္သာတမြို့ မြစ်ကွေ့ကျောင်းတိုက် ဆရာတော်အရှင် စန္ဒသိရီဘိဝံသမှ ဦးဆောင်၍ ပိုးတွေ့အတည်ပြု ကုသဆဲ  လူနာများနှင့် Quarantine Centre များရှိ ထိစပ် လူနာများ၊ လူနာစောင့်များ၊ Volunteer များအတွက် ထမင်းထုတ် (၃၈၅)ထုတ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 "အခုလို ဆရာတော်က ဦးဆောင် လာရောက်လှူဒါန်းပေးတဲ့အတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်ကိုလည်း  ဖြည့်တင်းပေးရာ ရောက်ပါတယ်၊ မနက်စာ လာရောက်ပို့နေရတဲ့ လူနာရှင်များ အနေနဲ့လည်း တစ်နပ်စာ အခက်အခဲတွေ ဖြေလျှော့သွားမှာ ဖြစ်ပါတယ်၊ ခုလိုဘဲ နေ့စဉ်အလှူရှင်တွေ အမြဲပေါ်ပေါက်ပါစေလို့ " ဟု ဦးဆောင် ကူညီဆောင် ရွက်ပေးခဲ့သူ ခရိုင် သာသနာရေးမှူး ဦးသိန်းဇော် က ပြောသည်။

ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းတွင် ဇူလှိုင်(၁၂)ရက်နေ့ထိ ပိုးတွေ့အတည်ပြုလူနာ ဟင်္သာတ ဆေးရုံကြီးတွင် ( ၇)ဦး၊ သူနာပြုသင်တန်း ကျောင်းတွင် (၄၄)ဦး၊ မြို့တော်ခန်းမတွင်(၉၁)ဦး၊ သာသနာ့ဗိမာန်တော်တွင် (၉၄)ဦးရှိပြီး Quaratine Centre ဘေးစီမံသင်တန်းကျောင်းတွင် (၂၇)ဦး၊ မိုးကောင်း ကျောင်းတိုက်တွင်းရှိ သံဃာ့ဆေးရုံတွင် (၂၀)ပါး စုစုပေါင်း (၃၁၁)ဦးရှိကြောင်း သိရသည်။

ဟင်္သာတမြို့ရှိ ပိုးတွေ့အတည်ပြုလူနာများအတွက် လှူဒါန်းလိုပါက ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ကိုဇော်