ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်

ငါးသိုင်းချောင်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်‌ရေး အသိပေးချက်များကို မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊‌ လူမှုရေးအသင်းအဖွဲ့များက အများပြည်သူ ဆက်သွယ်သွားလာ လျက်ရှိရာ ငါးသိုင်းချောင်းမြို့အဝင် ကြိုဆိုပါ၏လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရားလမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းဆုံ၊ စည်ပင်သာယာမြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးတို့တွင် အာယုပါ လူမှုရေးအသင်း အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက တစ်အိမ်လျှင် တစ်ဦးသာ ထွက်ကြရန်နှင့် (mask)နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများ ရှောင်ကျဉ်၍ ပါဆယ်စနစ်ရောင်းချခြင်း၊ မိမိနေအိမ်တွင်သာ ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်၊ မိသားစုဝင်တစ်ဦး ဆေးစစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိပါက မိမိနေအိမ်အား (Lock Down) သတ်မှတ်ပြီး မိသားစုဝင်အားလုံး ပြင်ပသို့(လုံးဝ) ထွက်ခွာခြင်းမပြုရန်၊ (Stay At Home) သတ်မှတ်ထားသော မြို့နယ်(၄၅)မြို့နယ်မှ ယခုရက်ပိုင်းအတွင်း လာရောက်မှု များအား လုံးဝလက်မခံရန်နှင့် မိမိတို့ကိုယ်တိုင်လည်း အဆိုပါမြို့နယ်များသို့ အရေးတကြီး ကိစ္စမရှိပဲ သွားလာခြင်းမပြုကြရန်၊ အထက်ပါ ကြေညာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် တိုက်တွန်းအသိပေး နှိုးဆော်ထားကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)