ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများအား ကုသပေးနေမှုအခြေအနေများနှင့် ဆောင်ရန်/ရှောင်ရန်များကို ဆေးရုံတာဝန်ခံအား သွားရောက်တွေ့ဆုံမေးမြန်း

ကော့ကရိတ် ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများအား ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေးနေမှုအခြေအနေများနှင့် ရှောင်ရန်/ဆောင်ရန်စသည့် အကြောင်းအရာများကို ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံတာဝန်ခံအား ယနေ့ နံနက် (၁၁) နာရီက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ ဆရာဝန်ကြီးမှ ယခုလို ပြန်လည်ဖြေကြားခဲ့ပါသည်။

ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးရုံတာဝန်ခံက ကော့ကရိတ်မြို့နယ်မှာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါ ကူး စက်ခံရပြီး ဆေးကုသမှုခံယူနေတဲ့ လူဦးရေ (၁၈၅)ဦးရှိတယ်၊ ဆေးရုံဆင်းခွင့်ရရှိတဲ့ လူဦးရေ (၇၅)ဦး၊ သေဆုံးသူ လူဦးရေက (၅)ဦးရှိတယ်။ကျွန်တော်တို့ ကော့ကရိတ်မြို့နယ်မှာတော့ ယခုလက်ရှိအချိန်ထိတော့ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာကုသဆောင် (၆)ဆောင်ရှိတယ်။ အဲ့ဒီ ပိုးတွေ့လူနာထဲမှာမှ အောက်ဆီဂျင်ပေးဖို့လိုတဲ့လူနာ၊ ရောဂါအခံရှိပြီး ဆေးထိုးပေးဖို့လိုတဲ့ လူနာ တွေနဲ့ စိုးရိမ်ရတဲ့လူနာတွေကိုတော့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ပိုးတွေ့လူနာကုသ ဆောင်မှာ ထားတယ်၊ မစိုးရိမ်ရတဲ့ ပိုးတွေ့လူနာတွေကိုတော့ ကျန်ကုသရေးဆောင်တွေမှာ ထားတယ်။ ပိုးတွေ့ လူနာကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကုသရေးလမ်းညွှန်ချက်များနှင့် အညီ ကုသပေးလျက်ရှိတယ်။ တကယ်လို့ အရေးပေါ်လူနာတွေကို ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြည်နယ်ကျန်းမာရေးတာဝန်ခံကို ချိတ်ဆက်ပြီးမှ လွှဲပြောင်းပေးတယ်။ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနဲ့ လူမှုရေးအသင်းအဖွဲ့တို့မှ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် ကုသရေးဆိုင်ရာပစ္စည်းများနှင့် ထမင်းတွေကိုပါ ကျွေးတဲ့အတွက် အဆင်ပြေနေတယ်ဟု ပြောသည်။

ဆက်လက်၍ ၎င်းမှ ကာကွယ်ဆေးထိုးပြီးသူများလည်း ရောဂါကူးစက်နိုင်ပြီး မိမိကိုယ်မိမိ ရောဂါ သံသယရှိလာပါက မိမိပတ်ဝန်းကျင်ရှိ သက်ဆိုင်ရာဒေသန္တရ ကျန်းမာရေးဌာနတွေကို ဆက်သွယ်၍ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ ရောဂါကူးစက်ခံရပြီး ပြန်လည် ပျောက်ကင်းလာသူအနေဖြင့် မျိုးရိုးဗီဇပြောင်း ရောဂါပိုး ဖြစ်တဲ့အတွက် ပြန်လည်ကူးစက် နိုင်ပါ တယ်။ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်းတွေများလာပြီး ကုသဆောင်တွေမှာ လက်မခံတော့ဘဲ ကူးစက် ခံရပြီး နေအိမ်မှာ နေရမယ်ဆိုရင် ပိုးတွေ့လူနာအနေနဲ့ ပုံမှန်အိပ်၊ အာဟာရရှိတဲ့အစားအစာကို စားရ မယ်။ဆေးတွေအနေနဲ့တော့ ဗာမီတွန်၊ စီဗစ်၊ ပါလာစီတမော၊ ရိုးရိုးဓါတ်ဆားတို့ကို ဆောင်ထား သင့်ပြီး Purse Oximeterကိုတော့ တစ်နေ့ကို (၂)ကြိမ် တိုင်းရပါမယ်။ကျန်တဲ့ ဆေးဝါးတွေကိုတော့ သောက်သင့်/မသင့်ကို ဆရာဝန်နှင့် တိုင်ပင်သင့်တယ်။အနံ့ပြင်းတာတွေကို ရှုတာတွေမလုပ်သင့်ဘူး၊ ရေနွေးငွေ့ရှုတာကိုတော့ ပြုလုပ်ရပါမယ်။အဓိက ကတော့ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်နဲ့ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လိုက်နာရမည့်အချက် တွေမှာ မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

စောအောင်မျိုးလွင်