ကော့သောင်း ဇူလိုင် ၁၃
ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်မှုရှိစေရေးနှင့် လူနာများအောက်စီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေ လွယ်ကူစွာ ထုတ်ယူအသုံးချနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများအား ကော့သောင်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ နိုင်ငံတစ်ဝှမ်း ခရိုင်နှင့်မြို့နယ်များတွင် ကူးစက်မှုမြင့်တက်ဖြစ်ပွားလျက်ရှိပြီး ကူးစက်မှု ခံရသည့် ရောဂါသည်များ အောက်စီဂျင်လိုအပ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ကော့သောင်း ခရိုင် အနေဖြင့် အရေးပေါ်လိုအပ်လာမည့် အောက်စီဂျင်လိုအပ်မှုအား ဖြည့်ဆည်းနိုင်ရေး ကော့သောင်း မြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း၊ ကော့သောင်း ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို နှင့် အဖွဲ့ဝင်များသည် ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အောက်စီဂျင်ထုတ်လုပ်မည့်စက်အခြေအနေနှင့် ပြန်လည် ပြင်ဆင်ရန် လိုအပ်သည့် စက်အစိတ်အပိုင်းများ အမြန်ပြန်လည်ပြင်ဆင်နိုင်ရန် လိုအပ်သည့် စက်အစိတ် အပိုင်းတစ်ချို့ အမြန်ဆုံးရရှိရေးနှင့် ပြင်ဆင်ရန် ပညာရှင်များ ခေါ်ယူနိုင်ရေး ခရိုင်ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။
ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြင်သစ်နိုင်ငံထုတ် NOVAIR အမျိုးအစား သက်တမ်း (၅)နှစ် ခန့်ရှိပြီဖြစ်သည့် အောက်စီဂျင်ထုတ်လုပ်သည့်စက် တစ်လုံးရှိပြီး စက်၏ထုတ်လုပ်နိုင်မှုပမာဏမှာ ၂၄ နာရီအတွင်း 4500 cc. (၁၅၀၀)စီစီဝင် အောက်စီဂျင်အိုးကြီး (၁၀)လုံး ထုတ်လုပ်ပေးနိုင်ကြောင်း၊ လက်ရှိအခြေအနေအရ စက်အစိတ်အပိုင်းတစ်ချို့ချို့ယွင်းမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ဆေးရုံ၌ အဆိုပါ အရွယ်အစား အောက်စီဂျင်အိုး(၄၀)လုံးခန့် အသင့်ရှိပြီး မြို့မိမြို့ဖ အလှူရှင်များ လှူဒါန်းမှုတစ်ချို့ ရှိသော်လည်း ရောဂါကူးစက်မှု ပိုမိုမြင့်တက်လာပါက အောက်စီဂျင်လိုအပ်မှု ရှိလာနိုင်သဖြင့် ဆောလျင်စွာ ထုတ်လုပ်နိုင်ရေး ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အလေးထား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး