ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ (ပိုးတွေ့)အတည်ပြုလူနာများ ထားရှိကုသမှုခံယူရန် နေရာအခက်အခဲရှိလာနိုင်မှုကြောင့် မြို့နယ်အားကစားရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၃

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟုသိရှိရပြီး မျိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲအတည်ပြုချက်များအရ သိရှိပြီး ဖြစ်သည်။

အဆိုပါကိုဗစ်-၁၉ ကူးပြန့်ပွားမှုရောဂါမှာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ဇွန်လ(၂၈)ရက်နေ့မှစတင်ဝင်‌ရောက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ဇူလိုင်လ(၁၃)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာစုစုပေါင်း(၄၁)ဦး တွေ့ရှိကူးစက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

၎င်းရောဂါပိုးတွေ့ အတည်ပြုနာများအား ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်ထားရှိကုသရန် နေရာများ ခက်ခဲလာနိုင်မှုကြောင့် မြို့မဘောလုံး အားကစားကွင်းရှိ အားကစားရုံ(၂)ရုံအား အဆင်သင့်အသုံး ပြုနိုင်ရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက နေရာထိုင်ခင်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး