ဘားအံ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးတွင် ဇူလိုင်လ (၁၂)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့အထိ ရုံးဖွင့်ရက်ဖြစ်သည့်တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ် ရုံးချိန်အတွင်း One Stop Serviceစနစ်ဖြင့် ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း တရား မဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး တရားဝင်စီးနင်းသွားလာနိုင်ရန်၊ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ လျော့နည်း ပပျောက်စေရန်၊ နိုင်ငံတော်ကရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ ဆုံးရှုံးမှု မရှိစေရန်၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတိုးတတ်မှုများဖြစ်ပေါ်စေရန်ရည်ရွယ်၍ မော်တော်ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးမှ သိရှိရသည်။
ပြည်သူများအနေဖြင့် One Stop Service စနစ်ဖြင့် မော်တော်ဆိုင်ကယ် မှတ်ပုံတင်ပြုလုပ်မည်ဆိုပါက ပိုင်ရှင်၏နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ၊ နေရပ် လိပ်စာမှန်ကန်စေရေးအတွက်အိမ်ထောင်စုစာရင်းမိတ္တူ /ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရှိရသည်။
One Stop Service စနစ်ဖြင့် မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းဆောင် ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး(ဘားအံ) မှ ဒုတိယဦးစီးမှူး ဦးကျော်လွင်ဦးထံမှ သိရှိရသည်။
သက်ထူး