တောင်ငူ ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရည်ရွယ်ကာ ကိုဗစ် - ၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြ သင်တန်းကို နတ်စင်ကုန်း အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချို တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုက တောင်ငူခရိုင်အတွင်း လတ်တလော ကူးစက် ပြန့်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက်ဆောင်ရွက်ရမည့် အခြေအနေများ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် များ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ကျန်းမာရေး အသိသတိဖြင့် အထူးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်က တောင်ငူခရိုင်အတွင်း လက်ရှိ အချိန်အထိ မြို့နယ်အလိုက် ကိုဗစ်- ၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်း၊ ကူးစက်ရောဂါ ဆက်လက်ပြန့်ပွားမှုမရှိစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ သရုပ်ပြသင်တန်းအား ပြုလုပ်ရာ အမှတ် (၃) စစ်မြေပြင်ဆေး တပ်ရင်းမှ နည်းပြ ၄ ဦးက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးစေတနာ့ဝန်ထမ်းအဖြစ် တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူ ၂၅ ဦးအား ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆောင်ရန်ရှောင်ရန် အချက်များ၊ PPE ဝတ်စုံ အသုံးပြု နည်းများနှင့် စနစ်တကျ စွန့်ပစ်နည်းများ၊ ကာကွယ်ရေးနည်းလမ်းများအား တစ်ရက်တာအဖြစ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြသင်တန်းသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။