ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဘားအံ ဇူလိုင် ၁၃

ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးသည် မိမိတို့၏ရည်မှန်းချက်ဖြစ်ပြီး ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်ကြောင်း၊ ပြည်နယ်၏ ဝင်/ထွက်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုသည် များပြားလာနေဆဲဖြစ်ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ထိ ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၈၀၂ ဦး ဆေးရုံတက်ရောက်ကုသမှု ခံယူနေရပြီး သေဆုံးသူ ၃၈ ဦး ရှိပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၊ အလွှာအားလုံး၊ ပြည်သူများအားလုံးကလည်း ကွဲပြားခြင်းမရှိဘဲ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ မြို့နယ်တိုင်းတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများရှိသော်လည်း ပြီးပြည့်စုံနိုင်ခြင်းမရှိဘဲ လိုအပ်ချက်များရှိနေသေးကာ ထိုလိုအပ်ချက်များကို စုပေါင်းတိုင်ပင် ဖြည့်ဆည်း၍ အကောင်းဆုံးဖြစ်အောင် ဆွေးနွေးညှိနှိုင်း သွားရမည်ဖြစ်ကြောင်း၊ Volenteer များ၊ ဆေးရုံများ၊ Quarantine Center များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များအား မည်သို့ပူးပေါင်းဆောင်ရွက်သွားမည်ကို ဆွေးနွေးညှိနှိုင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုချိန်ထိ Oxygen လိုအပ်ချက်ကို ထိန်းထားနိုင်သော်လည်း လိုအပ်ချက်များလာပါက မည်သို့ထပ်မံ ဆောင်ရွက်သွားမည်ကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ပြီး ပြည်သူအများ ထိခိုက်သေဆုံးမှုမရှိစေရေးနှင့် ကပ်ရောဂါဆိုးကို တွန်းလှန်ကျော်လွှားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးတိုင်ပင်ပေးကြ ရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဦးကျော်စိုး၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်း ကာကွယ်သည့် နည်းလမ်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို အများပြည်သူအနေဖြင့် မဖြစ်မနေ လိုက်နာနေထိုင်ရမည့် ကိစ္စရပ်များ၊ အသိပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အမြဲမပြတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်တို့က မြေပြင်လက်တွေ့ ဆောင်ရွက်နေသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများ၊ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြကာ စေတနာ့ဝန်ထမ်း Volenteer အဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ကာလ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ က ဖြည်စွက်ဆွေးနွေး ပေးခဲ့ကာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)