ရေဖြူ ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များက မြို့မဈေး၊ ကျောက်တိုင်လမ်းဆုံ၊ ရေး- ထားဝယ်လမ်းတို့တွင် သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာမှု ရှိ/မရှိ စောင့်ကြည့်ပညာပေးခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဇွန်လ(၂၉)ရက်နေ့မှစ၍ ပိုးတွေ့လူနာ ယမန်နေ့ အထိ(၃၁)ဦးရှိလာ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ရပ်ကွက်/ကျေးရွာပြည်သူများ နေအိမ်မှထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းချက်များကို တိကျစွာလိုက်နာစေရေးတို့ကို အရှိန်အဟုန်မြှင့် အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။