ငဖဲ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP Phase-1 )ဖြင့် ဓနရာဇာကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ကစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် လမ်းမီးများ စတင်ရရှိ မည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီက ပေကုန်းကျေးရွာအဝင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ပေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မီးဖွင့်ပွဲတွင် မြို့နယ်မန်နေဂျာ ဦးအောင်ကျော်မြင့် ကလမ်းမီးများစတင်ရရှိပြီး မကြာခင်အိမ်မီးများ ပါရရှိမှာဖြစ်တဲ့အတွက် လျှပ်စစ်မီးများကို စနစ်တကျသုံးစွဲတတ်ရန်လိုအပ်ကြောင်း၊လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးသတိထားဆောင်ရွက်ရမည့်အချက်များကို ကျေးရွာပြည်သူများအား အသိပညာပေးပြောကြား ခဲ့သည်။
အဆိုပါပေကုန်းကျေးရွာအုပ်စုတွင် အိမ်ခြေ (၂၇၈)အိမ်၊အိမ်ထောင်စု (၂၉၈)စုရှိပြီး ကျေးရွာ မီးရရှိရေး အတွက် 11 လိုင်း တစ်မိုင်ခန့်၊ 100KVA ထရမ်စဖော်မာ ၂လုံးနှင့်ဆက်စပ်ပစ္စည်းများကို NEP Phase-1 မှကျခံပြီး ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၅၀ ခန့် ဖြင့် ကျေးရွာတွင်းဗို့အားလိုင်း သွယ်တန်းခြင်းနှင့် လမ်းမီးပွင့် ၁၁၇ ပွင့်တပ်ဆင်ပြီး နေ့စဉ် ညနေ ၆ နာရီမှ မနက် ၆ နာရီထိ လမ်းမီးများ ထွန်းလင်းရရှိသွားမည်ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)