မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လုပ်ငန်းရှင်များနှင့် ပြည်သူများက အလှူငွေ (၄၆၄)သိန်း လှူဒါန်း

မြိတ်    ဇူလိုင်   ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများက ကိုဗစ်-၁၉ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပြုကော်မတီသို့ ယနေ့နေ့လယ်(၂)နာရီက ကွန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော် က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းနှင့် ပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများနှင့် ကုသရေးအပိုင်းမှာ ဝေဒနာရှင်များကို  ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထိုနောက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက် အကူပြုကော်မတီသို့ မြိတ် ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် လုပ်ငန်းရှင်များ၊ ပြည်သူ စုစုပေါင်း(၁၈)ဦးက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ စုစုပေါင်း ကျပ်(၄၆၄) သိန်းကို လှူဒါန်းပေးအပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အလှူရှင်များအား မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်ထွေး က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ မြိတ်မြို့တွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိသူများ များပြားလျက်ရှိနေပြီး ဇူလိုင်လ(၁၁)ရက်နေ့အထိ ပိုးတွေ့ရှိသူ စုစုပေါင်း(၂၁၁)ဦးရှိခဲ့၍ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ (၁၀၉)ဦးရှိနေပြီး သေဆုံးသူ(၅)ဦး ရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ခိုင်ထူး