ပွင့်ဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရန် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ပွင့်ဖြူ ဇူလိုင် ၁၂


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေး အတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း  မဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign  ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့အဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign  ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က အပြင်သွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ နေထိုင်သွားလာကြရန် ၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာနေထိုင်ကြရန် ၊ ကိုဗစ် - ၁၉ ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန် စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဆွေးနွေး ပြောကြားပြီး ပါးစပ် နှာခေါင်းစည်းမပါသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို အသိပညာပေးစာစောင်များ ဝေငှပြီး နှာခေါင်းစည်း (Mask)များ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြသည်။


ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ် အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign  ပြုလုပ်ခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။


ရဲဝင်းနိုင် ( ညောင်ဦး )