ပန်းတောင်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ နံက်ပိုင်းက ဇရပ်လှကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးအောင်သူရ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ လ.ဝ.က ဦးစီးမှူးဦးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအေးကြိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးတို့ တတ်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးအောင်သူရက ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်လူနာ (၁၁၇)ဦး၊ သေဆုံးသူ(၄)ဦး၊ ဆေးရုံတတ်သူ (၈၈)ဦး၊ Facilities Quarantine Centreတွင် (၂၂၆) ဦးရှိပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ မိမိကစကာကွယ်ပါ၊ အသံချက်စက်ဖြင့် တစ်နေ့(၃)ကြိမ်ပြည်သူများထံသို့ လိုက်လံကြေငြာပေးရန်၊ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရေးနှင့် မဖြစ်မနေပြင်ပသို့ ထွက်ခွါရမည်ဆိုပါက Mask (Face Shield)နှင့် လက်အိတ်များ ဝတ်ဆင်ပြီးမှ သွားလာစေရန်၊ Maskတပ်ဆင်သွားလာခြင်း မရှိသူများအား ဒဏ်ငွေရိုက်ရန်၊ ဒုတိယအကြိမ်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားရန်၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တတ်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည်များကို အသေးစိတ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။