မယ်စဲ့ ဇူလိုင် ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ် ပွားစေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်း နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့) ကျောင်းရှေ့၌ ပြုလုပ်သည်။
ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ပါ ဆောင်ပုဒ်နှင့်အညီ လမ်းသွားလမ်းလာ ပြည်သူများအား Stay at Home အစီအစဉ် မပါဝင်သော်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ အရှိန်အဟုန်ဖြင့် ပြန်လည်ဖြစ်ပွားလာနေသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်ကိုမိမိ ကျန်းမာရေးအသိဖြင့် ကာကွယ်ကြရန်နှင့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြရန်နှင့် လူစုလူဝေးရှောင်ကြရန် အသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာများ၊ လူမူရေးအဖွဲ့ အစည်းများ ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်