ကျောင်းကုန်း ဇူလိုင် ၁၁
၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရ ကျင်းပပြုလုပ်သော ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အားကစားသမားများ ခန်းမအတွင်း နေရာယူပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စင်မြင့်တွင် နေရာယူခဲ့သည်။ စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားသမားများက အလေးပြုပြီး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ယနေ့ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲ(၃)မျိုးဟာ မိမိကျောင်းကို ကိုယ်စား ပြုယှဉ်ပြိုင်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပ ပေးရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားရာ အ.ထ.က တံခွန်တိုင် အသင်းက ပထမ၊ အ.ထ.က(ခွဲ) ရင်ဆိုင်အသင်း က ဒုတိယ ရရှိသွားခဲ့သည်။
စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ကံ့ကော်မြိုင်ကိုယ်ပိုင် ကျောင်းတွင်လည်းကောင်း၊ Fitness Danceပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးရှိ မြတ်ပညာခန်းမတွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး၊ ဆုချီးမြှင့်ပွဲ အပြီးတွင် Fitness Dance အဖွဲ့မှ ကပြဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)