ပုသိမ် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က ပုသိမ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးစင်တာများ ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုသိမ်မြို့ရှိ ဆရာဝန်များအသင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ရောဂါကာကွယ်ရေးစင်တာများသို့ ကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းများ နှင့်အလှူငွေများပေးအပ်ခြင်း အခမ်းအနားပြုလုပ်ရာ ကာကွယ်ကုသရေး အတွက် စုစုပေါင်းအလှူငွေ ၄၅ သိန်း နှင့် ကာကွယ်ရေးပစ္စည်းများ တန်ဘိုး ၂၂ သိန်း ၅ သောင်း တန်ဘိုးရှိ ပစ္စည်းများ လှူဒါန်းခဲ့ကြပြီး၊ ဆေးရုံအတွင်း ကိုဗစ်လူနာများ၏ နေထိုင်မှုအခြေအနေများကိုလည်း ကြည့်ရှုခဲ့ကြသည်၊၊
ထို့နောက် ပုသိမ်မြို့ အမှတ် ၈ နယ်မြေ၊ ရေကြည်ဦးရပ်ရှိ တိုင်းရင်းဆေး ကုသဆောင်မှ ကိုဗစ်လူနာများ ထားရှိမှုများကို CCTV ဖြင့် ကြည့်ရှုစစ်ဆေး ကာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားရန် တွေ့ဆုံအားပေးခဲ့ပြီး၊ တိုင်းရင်း ဆေးရုံအတွင်းမှလျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ CCTV တပ်ဆင်အသုံးပြုမှုများနှင့် အခြားလိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်။ တိုင်းရင်းဆေးရုံတွင် ယ္ခုအချိန်ထိ ကိုဗစ်လူနာ ၆၄ ဦး ကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ယနေ့တွင် ဆေးရုံဆင်းသူ ၂၆ ဦး ရှိကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကူးစက်သည့် လူနာဦးရေပို၍များပြားလာပါကထားရှိရန် ပုသိမ်တက္ကသိုလ်ဝန်း အတွင်းရှိ နန္ဒဆောင်ကိုသွားရောက် ကြည့်ရှုခဲ့ကြပြီး ခြုံနွယ်များရှင်းလင်းခြင်းနှင့် လျှပ်စစ်မီးများ၊ အိမ်သာနှင့် သောက်သုံး ရေကောင်းမွန်စွာ ရရှိရေးတို့အတွက် သက်ဆိုင်ရာကော်မတီ အဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီမီးသတ်နှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားကြရေး လမ်းညွှန်ကြားခဲ့ကြောင်း သိရသည်။
မြင့်ဟန်