ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်မှုထိရောက်ရေးအများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာတစ်ချို့ယာယီပိတ်သိမ်း

ကော့သောင်း၊ ဇူလိုင်  ၁၀
 
ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ခြင်းဖြစ်စဉ်များ ထိန်းချုပ်မှု ထိရောက်ရေး အများပြည်သူနှင့်သက်ဆိုင်သည့် နေရာတစ်ချို့ယာယီ ပိတ်သိမ်း ထားကြောင်း ဇူလိုင်လ ၁၀ရက်နေ့ က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။
ယခုလပိုင်းအတွင်း ကိုဗစ်၁၉ရောဂါကူးစက်ပျံ့ပွားမှု နိုင်ငံနှင့်အဝှမ်းမြို့ အများအပြားတွင် မြင့်တက် ဖြစ်ပေါ် လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် တာဝန်ရှိအဖွဲ့အစည်းများ ခရိုင်နှင့်မြို့နယ် အလိုက်သတိပြု ကြပ်မတ်ထိန်းချုပ်လျက်ရှိရာ ကူးစက်မှုဖြစ်စဉ်များတွင် လူသူအသွားအလာ များပြား စုဝေးရာနေရာတစ်ချို့မှကူးစက်ဖြစ်ပွားမှုသည် အဆိုးရွားဆုံး အခြေအနေတွင်ရှိသဖြင့် ကော့သောင်းမြို့ အနေဖြင့် လူသူအဝင်အထွက် များပြားရာ ၊ မြို့နေပြည်သူများအနားယူ အပန်းဖြေစုဝေးရာ နေရာများ ဖြစ် သည့် ဘုရင့်နောင်ရုပ်တုကုန်းမြေနှင့် ဆိပ်ကမ်းသာပန်းခြံတို့အား ရောဂါ ကူးစက်မှု ထိန်းချုပ် ရာတွင် ထိရောက်မှုရှိစေရေး ယာယီပိတ်သိမ်းထားခြင်း ဖြစ်သည်။
 
မြို့အတွင်း လူသူစုဝေးရာနေရာဖြစ်သည့် ဈေးများကို ပြည်သူများ၏ စားဝတ်နေရေးအခက်အခဲ များဖြစ်ပေါ်လာနိုင်သဖြင့် လက်ရှိအခြေအနေတွင် ပိတ်သိမ်းခြင်းမပြုသေးဘဲ ဈေးရောင်းသူ ဈေးဝယ်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေးစည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာစေလျက် တဝန်ရှိအဖွဲ့အစည်းများက အချိန်ပြည့် ကြပ်မတ်စောင့်ကြည့်ကာ ဆက်လက်ဖွင့်လှစ်ထားရှိပြီး မြို့နေပြည်သူများအနေဖြင့် မလိုအပ်အပ်ပါက အိမ်အပြင်မထွက်ကြရန်၊ လူသူစုဝေးရာနေရာများသို့ မသွားရောက်ကြရန်၊ မဖြစ်မနေ လမ်းထွက်သွားလာရပါက ရောဂါထိန်းချုပ်ရေး စည်းကမ်းချက် များ အတိုင်း တိကျစွာလိုက်နာကြရန် တာဝန်ရှိအဖွဲ့အစည်းများက စဉ်ဆက်မပြတ် နှိုးဆော် အသိပေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)