ဇီးကုန်းမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန် (၇)ရက်တိုးမြှင့် ကပ်ထားကြေညာ ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ(၆၄၀)ဦးထိရှိလာ

ဇီးကုန်း     ဩဂုတ် ၁၁

၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ် ပုံစံအတိုင်း ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ဇီးကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ ထားရှိပြီး မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ဩဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထပ်မံ တိုးမြှင့် ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မဲရုံပေါင်း (၅၂) ရုံဖွင့်လှစ် သွားမည်ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ (၅၅၃၀၇)ဦးရှိပြီး မဲစာရင်းများ စနစ်တကျကပ်ထား ကြေညာ ထားမှုနှင့် ပြည့်စုံမှန်ကန် စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ် ဆောင်ရွက် လျက် ရှိသည်။

ဇီးကုန်းမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက် ကြည့်ရှု လျက်ရှိကြောင်းနှင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ (၆၄၀)ဦး၊ ပုံစံ(၄)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသောကန့်ကွက်လွှာ(၂၆၇)ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၄၈၈)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)