တနင်္သာရီ မြို့မရဲစခန်းအတွင်းရှိအချုပ်သားများအား သုတ/ရသစာအုပ်များ လဲလှယ်ငှါးရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီ ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မရဲစခန်းအချုပ်ခန်းအတွင်းရှိ အကြောင်းအမျိုးမျိုးဖြင့်အမှု ရင်ဆိုင်နေကြရသော အချုပ်သူ၊ အချုပ်သား များအား စိတ်ဓာတ်နှင့်စာရိတ္တ တိုးတက်ပြောင်းလဲလာစေရေးအတွက် တစ်ဖက်တစ်လမ်းမှပြုပြင်တည့်မတ်ပေးနိုင်ရန်၊ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများဖြင့် စာပေဗဟုသုတများကိုလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့် ဝန်ထမ်းများက မြို့မရဲစခန်း အတွင်းရှိ အချုပ်သူ၊ အချုပ်သားများထံ သုတ/ရသစာအုပ် (၃၀) အုပ်ကို လဲလှယ်ငှါးရမ်းပေးကြသည်။  

ယင်းသို့စာအုပ်များငှါးရမ်းပေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုအရ မြို့မရဲခစန်းမှူး ဒုရဲမှူးမြင့်အောင်၊ တာဝန်မှူး ဒုရဲအုပ် သောင်းကြည် တို့က မြို့နယ်ပြန်/ဆက် ဦးစီးမှူးနှင့်ဝန်ထမ်းများကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည်။ ယနေ့တွင်အချုပ်ကျနေသည့် အချုပ်သား ကျား (၃၅)ဦး၊ မ (၂) ဦးနှင့် ထိန်းသိမ်းကလေး ကျား (၁) ဦး၊ စုစုပေါင်း( ၃၈) ဦးရှိကြောင်း မြို့မရဲစခန်းမှူးထံမှ သိရှိရသည်။

ထို့အပြင် အချုပ်သားများမှ မိမိတို့ဖတ်ရှုလေ့လာလိုသည့် စာအုပ်အမျိုးအစား၊ အမည်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက တာဝန်ယူရှာဖွေစုစည်းပေးပြီး တစ်လတစ်ကြိမ်  မိုဘိုင်းစနစ်ဖြင့် စာအုပ်အဟောင်း/အသစ် လဲလှယ်ငှါးရမ်းပေးလျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)