ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဇွန် ၈

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ တတိယလှိုင်းနှင့်စပ်လျဉ်း၍ မိမိတို့ပြည်နယ်တွင်လည်း အတည်ပြုလူနာဦးရေများပြားလာနေပါကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့ထိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် အတည်ပြုလူနာ ၇၅၀ ကျော်ရှိပြီး ဆေးရုံများတွင် လက်ခံကုသပေး နိုင်သည့် အရေအတွက်ထက်ကျော်လွန်နေပြီဖြစ်ကြောင်း၊ အထူးကြပ်မတ်ကုသမှုပေးနိုင်မည့်နေရာများ ထပ်မံ၍စီမံ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ တားမြစ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်၊ ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ အသိပေခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဒဏ်ငွေပေး ဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးရာသီသို့ရောက်ရှိလာပြီ ဖြစ်သည့်အတွက် လူနေရပ်ကွက်ကျေးရွာများနှင့် လမ်းများတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၁၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘားအံစက်မှုဇုန်အနီးရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာများ ထားရှိ ကုသမှုဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေမျာကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

အလားတူ ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင်အဆင့်မြင့်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံ တို့တွင် အတည်ပြုပိုးတွေ့လူနာများထားရှိကြပ်မတ်ကုသမှုပေးနိုင်ရေး သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း