ကော့ကရိတ် ဇူလိုင် ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တတိယလှိုင်းအဖြစ် ပြန်လည်ဖြစ်ပွားလာသော ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ် ပြန်လည်ဖွင့်လှစ်၍ စစ်ဆေးမှုများ ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၆) ရပ်ကွက် မြို့နယ်စက်မှုလယ်ယာရုံးရှေ့ ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာကော်မတီဝင်များက မြို့တွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဥ်နှင့် ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း ဖြန့်ဝေပေးခြင်း၊ လက်ကို လက်သန့် ဆေးရည်ဖြင့် သန့်စင်အောင်ဆေးကြောခြင်းများပြုလုပ်ကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ၄၅ မြို့နယ်မှ ပြန်လည်ရောက်ရှိလာမည့် ယာဥ်မောင်းများနှင့် ခရီးသွားပြည်သူများအား အဓိကထား စစ်ဆေးခြင်းဖြစ်ပြီး အဆိုပါမြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ကော့ကရိတ်မြို့တွင်းသို့ ဝင်ရောက်ခွင့် မပြုဘဲ Quarantine (၁၄)ရက် ဝင်ပြီးမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင်