ပွင့်ဖြူ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ယခု ၂၀၂၁ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး တောင်သူများလက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၆ ရက်နေ့အထိ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ သိန်း ၃၀၀၀ ကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးဆောင်ရွက်ပေး နေကြောင်း သိရကာ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပြီး ချေးငွေများထုတ်ချေးပေးရာ၌ တောင်သူများ ချေးငွေ ပေးဆပ်ရမည့်ကာလတွင် အချိန်မီပေးဆပ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပေးရှင်းလင်း ဆွေးနွေး၍ ကိုဗစ် - ၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး ပေးရမည့် ကျေးရွာအုပ်စု ၅၁ အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများမှ ချေးငွေပြေကြေစွာပေးဆပ်ကြသည့်တောင်သူများကို ဦးစားပေးစနစ်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင် ၆ ရက်နေ့အထိ ချေးငွေထုတ်ချေးပြီးစီးမှုအနေဖြင့် ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူဦးရေ ၃၄၁ ဦးအား မိုးစပါးဧက ၂၁၅၄ ဧက နှင့် မိုးနှမ်း ၁၅ ဧက အတွက် စုစုပေါင်း ထုတ်ချေးငွေကျပ် ၃၂၄၆၀၀၀၀၀ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ၊ ထုတ်ချေးပေးရန် ကျန်ရှိသည့် တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော် က ပြောကြားသည်။
ရဲဝင်းနိုင် ( ညောင်ဦး )