လှိုင်းဘွဲ ဇူလိုင် ၈
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ယမန်နေ့မှ စတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး၊ကုသရေးကော်မတီတို့က ရောဂါပိုးထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ်သည်။
လှိုင်းဘွဲမြို့နယ်တွင် ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း(၂၉)ဦးအထိရှိသဖြင့် လှိုင်းဘွဲမြို့ဝင်/မြို့ထွက်တွင် အဝင်/အထွက် စိစစ်စောင့်ကြပ်လျက်ရှိပြီး မြို့တွင်းတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း၊ မြို့မစည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ရောင်းချခြင်း၊ Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)