မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၈

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော် က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မြို့နယ်တွင် ယနေ့ထိ (၃၈)ဦးရှိပြီဖြစ်ကြောင်း၊ မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် လက်ဆေးခြင်း၊ mask တပ်ခြင်းများအား စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီမှလည်း ရန်ပုံငွေများစနစ် တကျရှိစေရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေး သည်။

မြို့နယ်စည်ပင်သာရေး အမှုဆောင်အရာရှိ ဦးမင်းဇော်က မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ စားသောက်ဆိုင်အဝင်တွင် လက်ဆေးဗေစင်များ စီစဉ်ထားရှိနိုင်ရေးအသိပေး ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး မြို့အဝင်စစ်ဆေးရေး ဂိတ်တွင်စနစ်တကျ ကျန်းမာရေး စစ်ဆေးခြင်း ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးတင်လှိုင် က အတည်ပြုလူနာများ ကျန်းမာရေးစရိတ်၊ နေထိုင်စားသောက်ခြင်းများကိစ္စ၊ ကုတင် ၁၀၀ ဆေးရုံ၊ ကုတင်(၅၀)ဆေးရုံ၊တိုင်းရင်းဆေးရုံများတွင် ကုသဆောင်များ ပြင်ဆင်ထားရှိ ပါကြောင်းနှင့် Quarantine Centre များဆောင်ရွက်မှု့ အခြေအနေ များအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေး ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များမှ ပြည်သူများ အတွက် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်  သိရှိလိုက်နာနိုင်ရေး နိုးဆော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြာဆွေးနွေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)