ထီးလင်း ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အနောက်ဘက် မောချောင်းကူးတံတား ကိုယ့်အားကိုယ်ကိုး တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် ယခုအခါ ဒေသခံပြည်သူများ ဆက်သွယ် သွားလာမှု အဆင်ပြေလွယ်ကူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ကိုယ့်အားကိုယ်ကိုး မောချောင်းကူးတံတား တည်ဆောက်ပြီးစီးလျက်ရှိရာ “ဦးဇင်းတို့ အနေနဲ့ ဒီတံတားကြီးဖြစ်မြောက်ဖို့အတွက် ထီးလင်းမြို့ မင်္ဂလာကျောင်းဆရာတော် ဦးသောဘဏရဲ့ ဩဝါဒကိုခံယူပြီးတော့ တပည့်များဖြစ်တဲ့ အနောက်ဘက် ဆရာတော် ဦးဝိစိတ္တနဲ့ဦးဇင်းတို့က ဦးဆောင်ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။ တံတား ဖြစ်မြောက်ဖို့ ရပ်နီး, ရပ်ဝေးက စေတနာရှင် အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေ ကျပ် ၄၂၀ သိန်းခန့်ကို မတည်ပြီး တည်ဆောက်ခဲ့တာပါ။ ကျန်တဲ့ သစ်,ဝါးတွေနဲ့လုပ်အားတွေကိုတော့ အများပေါင်းစု ဆောင်ရွက်တာဖြစ်ပါတယ်။ တံတားတည်ဆောက်တာကတော့ ၈ လခန့် ကြာမြင့်ခဲ့ပါတယ်” ဟူ၍ ထီးလင်းမြို့ မင်္ဂလာကျောင်းမှ ဦးကောဝိဒ က မိန့်ကြားတော်မူသည်။
အဆိုပါထီးလင်းမြို့ အနောက်ဘက်မောချောင်းကူးတံတားသည် ထီးလင်းမြို့နှင့် အနောက် ဘက်ရွာ ဆက်သွယ်သွားလာရာ၌အဓိကလမ်းဖြစ်ပြီး တံတားမှာ အရှည် ၅၀၀ ပေ၊ အကျယ် ၈ ပေ ရှိကာ RC ဘောင်၊ RC တိုင်နှင့်ပျဉ်ခင်း ပျဉ်ကာ အမျိုးအစား ဖြစ်၍ အနောက်ဘက်ရွာရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့်အတူ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်စည်