မြို့သစ် ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူများ ဘေးကင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်ဖြင့် ၂၀၂၁ခုနှစ်၊ မိုးရာ သီအတွက် မိုးနှမ်းဧက ၄၀၀၀၊ မိုးမြေပဲဧက ၁၀၀နှင့်မိုးပဲတီစိမ်းဧက ၅၀ စိုက်ပျိုးလျက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
“ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဒေသနဲ့သင့်တော်ပြီး အရည်အသွေးပြည့်ဝဘေး ကင်းတဲ့ စိုက်ပျိုးစားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ကောင်းမွန် တဲ့စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့အညီ လေ့ကျင့်ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုး ထုတ်လုပ်မှုအခန်းကဏ္ဍမှာ အဓိကပါဝင်နေတဲ့ စိုက်ပျိုးထုတ်လုပ်သူတွေကိုယ်တိုင် GAP ရဲ့ထုတ်ကုန်အာမခံချက်အပေါ် သိရှိလိုက်နာကျင့်သုံးနိုင်စေဖို့ ပညာပေး စာအုပ်တွေဖြန့်ဝေတာ၊ စိုက်ကွင်း မြေတွေမှာ သတ္တုပါဝင်မှုရှိ/မရှိ မြေနမူနာစစ်ဆေးတာနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူ တွေအတွက် စျေးကွက်ကောင်းရရှိရေးအတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက် ပြီး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောကြားခဲ့သည်။
မြို့သစ်မြို့နယ်၌ ၂၀၂၁ခုနှစ်အတွက် GAP စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ မိုးသီးနှံ ဧက ၄၀၀၀ ကျော်ကို ကျေးရွာအုပ်စု (၁၁)အုပ်စုရှိ တောင်သူ (၁၁၉၆)ဦးတို့မှ စိုက်ကွင်း အလိုက် တောင်သူအစုအဖွဲ့ (၆၁)ဖွဲ့ဖြင့် စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ် GAPစနစ်ဖြင့် မိုးနှမ်း(၅၆၇၈)ဧက စိုက်ပျိုးရာတွင် (၂၆၈၄၆)တင်း၊ မြေပဲ (၁၀၆)ဧကတွင် (၄၄၅၂)တင်း၊ ပဲတီစိမ်း (၅၀)ဧကစိုက်ပျိုးရာတွင် (၂၂၁)တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ဝင်းအိဇွန်