ပဲခူး ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂နာရီက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၈/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်မှုအရမ်းမြန်သလို သေဆုံးမှုနှုန်းလည်း မြှင့်တက်လျက်ရှိ၍ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအနေဖြင့် အောက်ခြေဝန်ထမ်းများအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ထပ်ဆင့်အသိပေးရန်၊ မိုးရာသီ ဖြစ်၍ ရေကြီးနိုင်သည့်နေရာများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ တာကျိုးပေါက်နိုင်သည့် နေရာအား ကြိုတင်စစ်ဆေးထားရန်နှင့် ၎င်းနေရာရှိ ပြည်သူများအား ကြိုတင်သတိပေးထားခြင်းများ စီစဉ်ဆောင်ရွက်ထားရန်၊ လိုအပ်သော သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေး ကာကွယ်ရေးပစ္စည်း ကြိုတင်စုဖွဲ့ထားရှိရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့ဝင်များ အားလုံး ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိရှိရန် လိုအပ်သလို လုံခြုံရေးသတိ၊ လုံခြုံရေးအသိ ရှိစေနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အစည်းဝေး လမ်းညွှန်မှာကြားချက်များ၏ ကောက်နှုတ်ချက်များအား ဖတ်ကြားရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့၏ ဌာနအလိုက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ကြပြီး ကောင်စီအဖွဲ့ဝင်များက ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြကာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအား ဖတ်ကြား ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်