ကော့သောင်း သြဂုတ် ၁၁
ကော့သောင်းခရိုင်အတွင်း ယခုလပထမပတ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သြဂုတ်လပထမပတ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အေးမြ ကန်သာ၊ အေးရိပ်ငြိမ်၊ အောင်သုခရပ်ကွက်များနှင့် ကျေးရွာဖြစ်သည့် ဘန်းကချွန်ကျေးရွာရှိ ပြည်သူများ၏အိုးအိမ်များ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက လေဘေးဒဏ်သင့်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာရှိအိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများရှေ့မှောက်တွင် ပြည်သူများ လက် ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထောက်ပံ့ကူးညီမှုတွင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အိမ်ခြေ (၁၃) အိမ်အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၇၅၇၇၀၀/-) ကျပ်နှင့် အိမ်ထောင်စုပေါင်း (၁၃) စုရှိ လူဦးရေ (၅၉) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၁၂၃၉၀၀/-) ကျပ်ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေပေါင်း (၈၈၁၆၀၀/-) ကျပ်အား ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဥမ္မာချို (ခရိုင် ပြန်/ဆက်)