ပြည်မြို့‌ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများ လိုက်လံအသိပေး နှိုးဆော်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည် ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ နေ့စဉ်တွေ့ရှိလာသဖြင့် ကျန်း‌မာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပြည်မြို့နယ်အား နေအိမ်တွင် နေထိုင်ရေး Stay at home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဇူလိုင် ၆ ရက် ယမန်နေ့ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြိုပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယနေ့မွန်းလွဲ ၂နာရီက ဌာနဆိုင်ရာများ ပူးဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်ထားပြီး လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(face shield) ကို တွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ မကြာခဏ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ရန်၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးခြားခွဲခြား နေထိုင်စေခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်သော စျေးရောင်းသူများထံမှ စျေးမဝယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေးသတိပေးကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်အရှုကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ခြင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန် စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုမူနေထိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ကိုဆက်