ရွှေဘို ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ခရိုင် အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်အဆင့်ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးသို့ ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များတက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ က လတ်တလောဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်း များအပါအဝင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးကြပ်မတ်နိုင်ရေး ဆောင်ရွက်သင့်သည်များကို ပိုမိုအလေးထား ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက လက်ရှိကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ အားသိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)